Thursday, July 26, 2012

အချိန်က မေလ (၁၃)ရက်နေ့ ညသန်းခေါင် (၁၁)နာရီ (၂၀)မိနစ်ခန့်။ ကျွန်တော့်ရဲ့ ခံစားမှုတွေက လေထဲမှာ လွင့်မျော နေသလိုပဲ အိပ်မက်ဆန်ဆန်ရယ်။ အကြောင်းရင်းက ဘာလဲဆိုတော့ ပရီမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးလို အသင်းမျိုးက တန်းဆင်းဇုန် နားမှာ တဝဲလည်လည် ဖြစ်နေတဲ့ ကျူပီအာကို သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင် မရသေးဘူး ဖြစ်နေတယ်တဲ့။ ဒါ့ထက် အံ့သြဖို့ ကောင်းတာက မန်စီးတီးဟာ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ သူတို့ရဲ့ အိမ်ကွင်းမှာ (၁၈)ပွဲ ကစားပြီး၊ ဆန်းဒါးလန်းနဲ့ ပွဲစဉ် တစ်ပွဲကလွဲလို့ ကျန်တဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူထားနိုင်ခဲ့တယ်။ ဒီလို ချန်ပီယံ ခြေစွမ်းမျိုးနဲ့ အသင်းကို ကျူပီအာလို အဘက်ဘက်က အားနည်းတဲ့ တန်းတက် အသင်းလေး တစ်သင်းက အနိုင် ကစားပြနေတယ်ဆိုတော့ ဘောလုံး အားကစားကို စွဲလန်း ၀ါသနာ ပါတဲ့၊ ငယ်ငယ်ကတည်းက ယူနိုက်တက်ကို အားပေးလာတဲ့ ကျွန်တော့် အတွက်တော့ အပျော်တွေ ဖုံးလွှမ်းနေတာ မထူးဆန်းဘူးပေါ့။ [စိတ်ပျက်နေကြသည့် မန်ယူအသင်းသားများ] ဒါပေမဲ့ ဇာတ်သိမ်းပိုင်းဟာ အမြဲ လှပနေလိမ့်မယ်လို့ သဘာဝ တရားက အာမခံ မပေးထားဘူးဆိုတာ ကျွန်တော် မေ့လျော့နေခဲ့တယ်။ အခုလို မေ့လျော့နေခဲ့ရအောင်လည်း ယူနိုက်တက်ရဲ့နိဂုံးဆိုတာ အမြဲလိုလို အချိုပေါ် သကာဆင့်နေခဲ့တာ အတော်လေး ကြာမြင့်ခဲ့ပြီလေ။ လက်ရှိမှာတော့ နာကျင် အချိန်ပိုမှာပဲ ချေပဂိုးနှင့် အနိုင်ဂိုးကို သွင်းယူပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါပြီ။ ခါးသီးမှုတွေကို ထိတွေ့မှု နည်းနေတဲ့ ကျွန်တော်တို့အတွက် အခုလို ဇာတ်သိမ်းမျိုးဟာ Drama ဆိုရင်တောင် Heavy Drama၊ အငိုဆိုရင်တောင် ပဋာမြေလူး ငိုချင်းချရမယ့် အတွေ့အကြုံပါ။ ဝမ်းနည်းတယ် ဆိုတာမျိုးထက် မယုံကြည်နိုင် ရလောက်အောင် ဖြစ်နေတာ၊ နာကျင်တယ် ဆိုတာထက် အံ့သြမှင်တက် မိနေတာမျိုးဆိုရင် ပိုနီးစပ်ပါလိမ့်မယ်။ အတိတ်ကို ပြန်လည်တူးဆွခြင်း အခုလို အချိန်မှာ ကျွန်တော် မျက်စိထဲမှာ ချက်ချင်း ပြန်လည် မြင်ယောင်မိတာ (၁၉၉၉)ခုနှစ် မေလ (၂၆)ရက်နေ့က နူးကင့်မ်ညပဲ။ ပွဲချိန်မိနစ် (၉၀) ပြည့်တဲ့အထိ ချန်ပီယံဘွဲ့နဲ့ ဝေးကွာနေတဲ့ ယူနိုက်တက်ဟာ မှော်ဝင်တဲ့ အောင်မြင်မှုမျိုးလို့ ဆိုလိုရတဲ့ နာကျင်အချိန်ပို (၃)မိနစ်အတွင်းမှာ ထောင့်ကန်ဘောကနေ တဆင့် ဘေယန်မြူးနစ်ကို (၂)ဂိုးတိတိ သွင်းယူခဲ့ပြီး ပရိသတ်တွေကို ထူးကဲချိုမြိန်တဲ့ ခံစားမှုမျိုး ပေးနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ (၁၃)နှစ်က ခံစားခဲ့ရတဲ့ ရသနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ခါးသက်မှုမျိုးကို ယခုနှစ် မေလ (၁၃)ရက်နေ့မှာ ပြောင်းပြန် အဖြစ်နဲ့ ပြန်လည် ကြုံတွေ့နေခဲ့ရတယ်။ အနောက်တိုင်းသားတွေက ကံဆိုးမှုတွေကို သယ်ဆောင်လာလေ့ ရှိတယ်လို့ မှတ်ယူကြတဲ့ (၁၃)ဂဏန်းဟာ ယူနိုက်တက်ကို အားပေးတဲ့ ကျွန်တော့် အတွက်တော့ ယခုတစ်ကြိမ်မှာ အပြည့်အဝ မှန်ကန်နေပါပြီ။ ပုံမှန်အားဖြင့် အရှုံးကနေ အနိုင်ကို ခပ်မြန်မြန် ကူးပြောင်းတတ်တဲ့ ယူနိုက်တက်ဟာ ယခုနှစ်မှာတော့ အနိုင်ကနေ အရှုံးကို မျက်စိတမှိတ် အတွင်းမှာပဲ လက်ခံခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ စိတ်ဓာတ် အမှန်တကယ်တော့ ခုနှစ်မှာ ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းအရ (၂၀၁၂)ခုနှစ် အစောပိုင်း ဘလက်ဘန်းရိုဗာနှင့် နယူးကာဆယ်တို့ကို (၂)ပွဲဆက်တိုက် ရှုံးနှိမ့်ပြီးကတည်းက ပရီးမီးယားလိဂ် သရဖူကို လက်လျှော့နေခဲ့သင့်တဲ့ အနေအထားပါ။ ဒါပေမဲ့ ခန့်မှန်းမှုတွေကို ဆန့်ကျင်ပြီး ယူနိုက်တက်ဟာ ပုံမှန်နိုင်ပွဲတွေကို ရယူနိုင်ခဲ့တယ်။ ခက်ခဲတဲ့ အနေအထားမျိုးကနေ မြို့ခံပြိုင်ဘက် မန်စီးတီးကို (၈)မှတ် အသာစီးရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာ ယူနိုက်တက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြင်နေရသေးတာပါပဲ။ ဒီလို စိတ်ဓာတ် ဒီလို စွမ်းဆောင်ရည်မျိုးကပဲ ကျွန်တော်တို့ကို အခုလို နောက်ဆုံး အချိန်အထိ ရင်ခုန်ခွင့်၊ ပရီးမီးယားလိဂ်မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အဓိက ရည်ရွယ်ချက်၊ တနည်းအားဖြင့် ချန်ပီယံ အဖြစ် မျှော်လင့်နိုင်ခွင့်ကို ပေးစွမ်းနိုင်ခဲ့တာပါ။ လွယ်လွယ်ကူကူနဲ့သာ လက်လျှော့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အားပေးနေတဲ့ ယူနိုက်တက် ဆိုတဲ့ အသင်းဟာ (၂၀၁၂)ခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းလောက်ကတည်းက မျှော်လင့်ချက်မဲ့ လမ်းကြောင်းတစ်ခုမှာ ရည်ရွယ်ချက် ပျက်ယွင်းရင်း ဦးတည်ချက်မရှိ လျှောက်လှမ်းနေခဲ့ရမှာပါ။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူးလေ။ [၀မ်းနည်းနေသည့် ပရိသတ် တစ်ဦး] မန်စီးတီးရဲ့ ပေါင်သန်းရာနှင့်ချီတဲ့ ပြင်ဆင်မှုမျိုး၊ ရာသီတလျှောက်လုံး လှပပြီး တိမ်းမူးဖွယ်ကောင်းတဲ့ ကစားဟန်မျိုးနဲ့ ချန်ပီယံ ဖြစ်သင့်တယ်လို့ ချီးကျူးညွှန်းဆို ခံရတဲ့ အသင်းမျိုးကို ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ယူနိုက်တက်က အမှတ်ပေးဇယားမှာ ရမှတ် အတူတူ၊ နိုင်ပွဲ အတူတူနဲ့ ပခုံးချင်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကွင်းလယ် အင်အား အဆမတန် လျော့နည်းနေတဲ့ကြားက မန်စီးတီးလို ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေ ပိုင်ဆိုင်နေတဲ့ အသင်းကို ဂိုးကွာခြားချက်နဲ့သာ ချန်ပီယံဆုကို လက်လျှော့ပေးလိုက်ရတာပါ။ ရာသီဝက်လောက် ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထိုက်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်နေခဲ့တဲ့ မန်စီးတီးကို ဆာအဲလက်စ် ဖာဂူဆန်ရဲ့ သမိုင်းကြောင်းမှာ အင်အား အချည့်နဲ့ဆုံးလို့ သတ်မှတ်နိုင်တဲ့ အသင်းတစ်သင်း အဖြစ် တညီတညွတ်တည်း သတ်မှတ်ခံခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈)အထိ အနိုင်ရရှိခဲ့ပါတယ်။ နာကျင်အချိန်ပိုလို့ ခေါ်တွင်ကြတဲ့ Injury Time တွင်မှ လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းပေးခဲ့ရတာပါ။ ဆာအဲလက်စ်သာ ယူနိုက်တက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို မထိန်းသိမ်းနိုင်ခဲ့ရင် အခုလို နောက်ဆုံး ပွဲစဉ်တွေ ဖြစ်တဲ့ မန်စီးတီး-ကျူပီအာ၊ ဆန်းဒါးလန်း-ယူနိုက်တက် ပွဲစဉ်တွေဟာ မေ့မေ့လျော့လျော့နဲ့သာ ပြီးဆုံးသွားခဲ့မှာပဲ... တချို့သော ဘောလုံး ဝေဖန်သူတွေရဲ့ သုံးသပ်မှုတွေအရ ယူနိုက်တက်ဟာ အသာစီး ရရှိခဲ့တဲ့ (၈)မှတ်ကို လွှင့်ပစ်ခဲ့တယ်၊ မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဒါဟာ အင်အားချည့်နဲ့လာတဲ့ ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်းကို ပြသနေတာ ဖြစ်တယ်တဲ့။ ကျွန်တော်ကတော့ ဒီအဆိုကို သိပ်လက်မခံချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မန်နေဂျာ ဆာအဲလက်စ်သာ ယူနိုက်တက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို မထိန်းသိမ်းနိုင်ခဲ့ရင် အခုလို နောက်ဆုံး ပွဲစဉ်တွေ ဖြစ်တဲ့ မန်စီးတီး-ကျူပီအာ၊ ဆန်းဒါးလန်း-ယူနိုက်တက် ပွဲစဉ်တွေဟာ မေ့မေ့လျော့လျော့နဲ့သာ ပြီးဆုံးသွားခဲ့မှာပဲလေ။ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒါဆား၊ ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးတို့ အနားယူသွားတဲ့ ကွက်လပ်တွေကို အလျင်အမြန် အစားထိုးနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အထူးသဖြင့် အောင်မြင်မှုတွေ အဆက်ဆက် ယူဆောင်လာခဲ့ပေးတဲ့ ဂန္ထဝင် ကစားသမားတွေရဲ့ ခြေရာကို နင်းနိုင်ဖို့ဆိုတာ အပြောလွယ်ပေမယ့်၊ လက်တွေ့မှာ ခက်ခဲမယ်ဆိုတာ ဘောလုံး အသင်းတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ နောက်ပြီး အဲဒီ ကစားသမားတွေ နေရာမှာ အစားထိုးဖို့ မျှော်လင့်ခဲ့တဲ့ ဒေးဗစ် ဒီဂီယာ၊ ဖီးလ်ဂျုံးစ်၊ အက်ရှ်လေယန်းတို့ဟာ ထိုက်သင့်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် အပြည့်အ၀ မျက်နှာလွှဲနိုင်လောက်တဲ့ ယုံကြည်မှုမျိုးကို မပြသနိုင်ခဲ့သေးတာဟာ အသက်အရွယ်ကြောင့် အပြင်၊ ဖိအားတွေကြောင့်ပါ ဖြစ်ပါလိမ့်မယ်။ ပြန်လည် နိုးထလာဦးမယ့် ယူနိုက်တက် ပြီးတော့ ပရီးမီးယားလိဂ် သရဖူကို မြို့ခံပြိုင်ဘက်ကို လွဲပြောင်းပေးခဲ့ရတာဟာ (၁၉၉၇-၉၈)ခုနှစ် ဘောလုံးရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းကိုလည်း အမှတ် ရစေခဲ့ပါတယ်။ အဲဒီတုန်းက ချန်ပီယံ အဖြစ် အောင်ပွဲခံခွင့် ရခဲ့တဲ့ အာဆင်နယ်ဟာ (၁၉၉၈)ခုနှစ်၊ မတ်လ (၁)ရက်နေ့ထိ အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ ယူနိုက်တက်နဲ့ (၁၁)မှတ်တိတိ ကွာဟနေခဲ့ပါတယ်။ ဒါပေမဲ့ ရာသီနှောင်းပိုင်း ကာလတွေမှာ ခြေစွမ်းပျက်ယွင်းခဲ့တဲ့ ယူနိုက်တက်နဲ့ တောက်လျှောက် ခြေမှန်ခဲ့တဲ့ ဂန်းနားတွေကြောင့် အဆုံးသတ်မှာတော့ အာဆင်နယ် အသင်းဟာ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် သရဖူဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အမှားတွေရဲ့ ဒဏ်ခတ်မှုမှာ ဒီနှစ်လိုပဲ ဖလားလက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အစဉ်အလာ ကြီးမားသလို စိတ်ဓာတ် ပြင်းထန်တဲ့ ယူနိုက်တက်ဟာ အရှုံး ရာဇဝင်ထဲမှာ ကြာကြာ မအိပ်ပျော်ခဲ့ပါဘူး။ နောက်တစ်နှစ်အကြာ (၁၉၉၈-၉၉)ခုနှစ် ဘောလုံးရာသီမှာ သမိုင်းဝင် အောင်ပွဲ ဖြစ်တဲ့ ဖလား (၃)လုံး ချန်ပီယံ ဖြစ်ခွင့်ရခဲ့တဲ့ ပထမဆုံး အင်္ဂလိပ် ကလပ် အသင်း အဖြစ် ပြန်လည်အောင်ပွဲခံခဲ့ပါတယ်။ အာဆင်နယ်ကို ဒူးထောက်ခဲ့ရတဲ့ နာကျင်မှုကို တွန်းအား အဖြစ် အသုံးချရင်း ယူနိုက်တက်ဟာ ကိုယ့်သမိုင်းကိုယ် ဖန်တီးခဲ့တာပါ။ ဒါမျိုးဟာ ယူနိုက်တက်ရဲ့ စိတ်ဓာတ် အစစ်အမှန်ပါပဲ။ အားကစား တစ်ခုမှာ ထာဝရ အနိုင်မရ နိုင်သလို၊ ထာဝရလည်း မရှုံးနိမ့်နိုင်ပါဘူး။ အခုတခါ ရှုံးသွားတဲ့ ယူနိုက်တက်ဟာ နောက်နှစ်မှာ ဘယ်လို ပြန်လည် နိုးထလာမလဲဆိုတာ ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပါဦးမယ်။ ဒါ့အပြင် ကျွန်တော်တို့ လေးစားရတဲ့ မန်နေဂျာကြီး ဆာအဲလက်စ်ဟာလည်း အသက်အရွယ် ကြီးရင့်နေပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ၊ ယခုတခါ ရှိတ်မန်ဆော်တို့ရဲ့ အင်ပါယာဟာ သူ့ဘဝမှာ အကြီးမားဆုံး အတားအဆီး တစ်ခု ဖြစ်လာတော့မယ်ဆိုတာ သိနေမှာ သေချာပါတယ်။ ယူနိုက်တက် မန်နေဂျာ ဘဝတစ်လျှောက်လုံးမှာ စိန်ခေါ်မှုတွေကို အကြိမ်ကြိမ် ကျော်ဖြတ်ပြနိုင်ခဲ့သလို ခုတစ်ကြိမ်မှာလည်း ပြိုင်ဘက်ကို ဘယ်လို အနိုင်ယူပြဦးမလဲ ဆိုတာကလည်း ယူနိုက်တက် ပရိသတ်တွေ တပ်မက်ခုံမင်တဲ့ ရင်ခုန်စရာ တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အတွက် အမှောင်ဖုံးတဲ့ ဒီနှစ် ဘောလုံးရာသီဟာ ပြီးခဲ့တဲ့ (၆)နှစ်အတွင်းမှာ ဆုဖလား တစ်ခုမဟုတ် တစ်ခု ဆွတ်ခူးနိုင်ခဲ့တဲ့ ကာလနဲ့ ယှဉ်လိုက်ရင် သေးငယ်နေခဲ့ပါသေးတယ်။ နောက်ပြီး ယူနိုက်တက်တို့ ပရီးမီးယားလိဂ် သရဖူကို (၃)နှစ်ဆက်တိုက် လက်လွတ် ခဲ့ရဖူးတဲ့ အာဆင်နယ်နဲ့ ဟိုဆေး မော်ရင်ညိုတို့ ကြီးစိုးခဲ့စဉ် အချိန်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း မဆိုးရွားသေးပါဘူး။ ဂုဏ်ယူပါတယ် ယူနိုက်တက် အခုလို နာကျင် အချိန်ပိုရောက်မှ ချန်ပီယံ သရဖူကို လက်လွတ်ခဲ့ရတဲ့ အချိန်အထိ ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတဲ့၊ မန်စီးတီးလက်က ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်ပြခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေကိုလည်း ချီးကျူးသင့်ပါတယ်။ တစ်ဖက်မှာလည်း ချန်ပီယံ ဖြစ်ထိုက်ကြောင်း စွမ်းစွမ်းတမံ ခြေစွမ်းပြသွားခဲ့ကြတဲ့ မန်စီးတီး ကစားသမားနဲ့ နည်းပြ အဖွဲ့ကိုလည်း ဂုဏ်ပြုသလို၊ နောက်ဆုံးမိနစ် အထိ ကြိုးစား ကစားခဲ့ကြတဲ့ ကျူပီအာ ကစားသမားတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကိုလည်း မမေ့ထားသင့်ပါဘူး။ ဒါကြောင့် ယူနိုက်တက် ချန်ပီယံ မဖြစ်ခဲ့တဲ့ အတွက် ဝမ်းနည်းသလားလို့ ကျွန်တော့်ကို မေးလာခဲ့မယ်ဆိုရင် "ဟုတ်ကဲ့၊ ဝမ်းနည်းပါတယ်"လို့ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံ မဖြစ်လို့ သိမ်ငယ်မိသလားလို့ မေးလာမယ် ဆိုရင်တော့ "နောက်ဆုံးအချိန် အထိ တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော် အားပေးတဲ့ အသင်းအတွက် ဂုဏ်ယူတဲ့ စိတ်ပဲ ရှိပါတယ်"လို့ ဝံ့ကြွားစွာနဲ့ပဲ ခေါင်းမော့ ရင်ကော့ပြီး ကျွန်တော် ဖြေပါမယ်။ ထပ်ပြောပါမယ်။ "ကျွန်တော် ၀မ်းနည်းပါတယ်။ ပြီးတော့ ဂုဏ်ယူနေပါတယ် ယူနိုက်တက်။"